သင်ခန်းစာ ၁၆

အမျိုးသားနေ့

         တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့သည် အမျိုးသားနေ့ ဖြစ်ပါသည်၊၊

        ထိုနေ့တွင် မြန်မာနိုင်ငံ တဝန်းလုံး၌ အမျိုးသားနေ့အခမ်းအနားများ ကျင်းပကြပါသည်၊၊ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲများနှင့် ပြပွဲပြိုင်ပွဲများကို ပြုလုပ်ကျင်းပကြပါသည်၊၊

        မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့၏ လက်အောက်ခံဘဝသို့ ကျရောက်ခဲ့ပါသည်၊၊ ထိုအချိန်မှစ၍ အင်္ဂလိပ်အစိုးရက မြန်မာတို့ကို အမျိုးမျိုးဖိနှိပ် ချုပ်ချယ်ခဲ့ပါသည်၊၊

        ၁၉၂၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ရန် စီစဉ်သည်၊၊ တက္ကသိုလ်ဥပဒေကိုလည်း ပြဋ္ဌာန်းသည်၊၊ ဤဥပဒေအရ တက္ကသိုလ်ပညာသင်လိုသူတိုင်း သင်ကြားခွင့်မရနိုင်သဖြင့် မြန်မာတမျိုးသားလုံးက မကျေနပ်ကြချေ၊၊ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင်သပိတ်မှောက်ခဲ့ကြသည်၊၊

        ရန်ကုန်တက္ကသိုလ်ကျောင်းသားများသပိတ်သည် အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး နယ်ကျောင်းများကလည်း သပိတ်မှောက်ကြပါသည်၊၊ အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများကို တည်ထောင်ကြပါသည်၊၊ ထိုကျောင်းများကြောင့် အမျိုးသားစိတ်ဓာတ်များလည်း ပိုမိုနိုးကြား ဖွံ့ဖြိုးလာပါသည်၊၊ အမျိုးသားစာပေ လေ့လာမှုလည်း ပွင့်လန်းလာပါသည်၊၊

        ထိုအချိန်မှစ၍ မြန်မာအမျိုးသားတို့သည် အင်္ဂလိပ်အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲများ အဆက်မပြတ် ဆင်နွဲကာ လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြပါသည်၊၊ ထို့ကြောင့် လွတ်လပ်ရေးအစ အမျိုးသားနေ့ကဟူ၍ ဆိုကြပါသည်၊၊

        မြန်မာတမျိုးသားလုံးအား မျိုးချစ်စိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်ပေးသော ထိုနေ့ကို အမျိုးသားနေ့ဟူ၍ သတ်မှတ်ခဲ့ကြသည်၊၊ မျိုးချစ်စိတ်နိုးကြားစေခဲ့သော အမျိုးသားနေ့ကို မမေ့သင့်ပါ၊၊ အမျိုးသားနေ့ကို နှစ်စဉ်ကျင်းပကာ မျိုးချစ်စိတ်ဓါတ် ထာဝစဉ် ရှင်သန်အောင် ကြိုးပမ်းရမည်ဖြစ်ပါသည်၊