သင်ခန်းစာ ၁၅

အလောင်းမင်းတရား

       

        မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် အင်းဝနေပြည်တော်ကြီးသည် မငြိမ်မသက် ဖြစ်နေသည်၊၊ မဏိပူရ ကသည်းများက အင်းဝနေပြည်တော်၏ မြောက်ဖက်တလွှားကို တိုက်ခိုက်ဖျက်ဆီးသည်၊၊ အောက်မြန်မာနိုင်ငံ ဟံသာဝတီသားတို့ကလည်း ပုန်ကန်သည်၊၊ မတ္တရာအုပ်ဖိုရှိ ကွေ့ရှမ်းများကလည်း ထကြွသည်၊၊

        ထိုအချိန်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျသည် မိမိ၏ရွာကို လုံခြုံအောင် ထန်းလုံးတပ်များကာရံသည်၊၊ အနီးအပါး ကျေးရွာ လေးဆယ့်ခြောက်ရွာကို သိမ်းသွင်းထားသည်၊၊ မကြာမှီပင် အင်းဝနေပြည်တော်ကြီးသည် ဟံသာဝတီတပ်များ လက်တွင်း သက်ဆင်းရတော့သည်၊၊

        အင်းဝကို သိမ်းပိုက်ပြီးသော ဟံသာဝတီတပ်များသည် မြောက်ဖက်တလွှားကျေးရွာများကို သစ္စာခံခိုင်းရန် လာကြရာ မုဆိုးဖိုရွာသို့ ရောက်ရှိလာသည်၊၊ တချိန်တည်းမှာပင် ကွေ့ရှမ်းများကလည်း သစ္စာခံခိုင်းရန် ရောက်ရှိလာသည်၊၊ ဦးအောင်ဇေယျသည် အဖွဲ့နှစ်ဖွဲ့ကို ခြေငံစွာ ဆက်ဆံသည်၊၊ မည်သူ့သစ္စာကိုမျှ ခံယူခြင်းမပြုပေ၊၊ ဟံသာဝတီတပ်ဖွဲ့ကို အပြန်ခရီးတွင် လမ်းမှဖြတ်၍ တိုက်ခိုက်သည်၊၊ ဟံသာဝတီတပ်ဖွဲ့များ အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်ရသည်၊၊

        ဟံသာဝတီတပ်များသည် မုဆိုးဖိုရွာကို လာရောက်တိုက်ခိုက်ကြပြန်သည်၊၊ ဦးအောင်ဇေယျသည် သွေးသောက်ရဲဘော် ခြောက်ကျိပ်ရှစ်ယောက်နှင့်အတူ ဦးစီးကာ အောင်မြင်စွာ ခုခံတွန်းလှန်နိုင်ခဲ့သည်၊၊ ထို့နောက် ဦးအောင်ဇေယျသည် မြောက်ဖက်တလွှားရှိ ရှမ်းများနှင့်မြန်မာများကိုလည်း ဆက်သွယ်စည်းရုံးနိုင်ခဲ့သည်၊၊ ဤသို့ဖြင့် ဦးအောင်ဇေယျ၏ အရှိန်အဝါ မြင့်မားလာသည်၊၊

        ဦးအောင်ဇေယျသည် အလောင်းမင်းတရားဘွဲ့ကို ခံယူကာ ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်သည်၊၊ မုဆိုးဖိုရွာကို ရွှေဘိုဟု သမုတ်ကာ မြို့နန်းတည်သည်၊၊ နန်းတည် သက္ကရာဇ်ဖြစ်သော ၁၁၁၅ ခုကို ဥသြအော်မြည် ကုန်းဘောင်တည်ဟု အမှတ်အသားပြုကြသည်၊၊

        အလောင်းမင်းတရားသည် ဧရာဝတီနှင့်ချင်းတွင်း မြစ်နှစ်သွယ်အကြား ဒေသများကို အခိုင်အမာ စုစည်းပြီးနောက် အင်းဝကို တိုက်ခိုက်အောင်မြင်သည်၊၊ ထိုနောက်တွင် ပြည်၊ လွန်ဆေး၊ ဒဂုံမြို့များကို သိမ်းပိုက်သည်၊၊ လွန်ဆေးကို မြန်အောင်ဟူ၍ သမုတ်သည်၊၊ ဒဂုံကို ရန်ကုန်ဟူ၍ သမုတ်သည်၊၊

        သန်လျင်မြို့ကိုကား ခေတ်မှီ လက်နက်များနှင့် နိုင်ငံခြားသားများ အကူအညီရရှိထားသဖြင့် မပေါက်နိုင်ရှိသည်ကို လက်ရွေးစင် ရဲဘော်ကိုးကျိပ်သုံးယောက်က မြို့တွင်းကိုဝင်ရောက်တိုက်ခိုက်မှ အောင်မြင်သည်၊၊ သန်လျင်ကျပြီးနောက် ဟံသာဝတီကို အလွယ်တကူ သိမ်းပိုက်နိုင်သည်၊၊

        အလောင်းမင်းတရားကြီးသည် ဤသို့ဖြင့် မြန်မာနိုင်ငံတော်ကြီးကို တစုတစည်းတည်းဖြစ်အောင် ပြန်လည် စည်းရုံးတည်ထောင်နိုင်ခဲ့ပေသည်၊၊

        ရန်ကြီးအောင် ကုန်းဘောင်ခ

        ငါးမည်ရ ပြည်ရွေဘို

        ဘေးရန်ကပြို၊၊

        မုဆိုးဖို ရန်ပြိုတဲ့နာသိင်္ဃ

        ဘိုးတော့်ဒေသ ဟူသောတေးကို ယနေ့ထိအောင်ပင် ပြည်သူတို့က သီဆိုကြဆဲဖြစ်ပါသည်၊၊