သင်ခန်းစာ ၁၁

စကားရည်လုပွဲ ၂

            အခု သဘာပတိအနေနဲ့ ကြွရောက်လာသူများကို အဆိုရှင်များနဲ့ မိတ်ဆက်ပေးပါရစေ၊၊ ကျွန်တော့ညာဘက်မှာ ထိုင်နေတဲ့ အဆိုရှင်များရဲ့ ခေါင်းဆောင်ကတော့ ကျောင်းဆရာ ဦးမြမောင်ပါ၊၊ ဦးမြမောင်ကိုတော့ ဒီမြို့က လူကြီးလူငယ်မရွေး သိကြပါလိမ့်မယ်၊၊ ဒီမြို့မှာ အနှစ်နှစ်အလလ ပညာရေးတာဝန် ထမ်းဆောင်လာတဲ့ ပုဂ္ဂိုလ်ပါ၊၊ ဦးမြမောင်က ဆယ်မိနစ်တိတိ အဆိုတင်သွင်းပါလိမ့်မယ်၊၊ သူ့အဆိုကိုတော့ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) နဲ့ အဆိုတော် ဒေါ်စန္ဒာဝင်းတို့က ငါးမိနစ်စီ ထောက်ခံပါလိမ့်မယ်၊၊ ကျွန်တော့်ဗယ်ဘက်မှာ နေရာယူထားကြတဲ့ အချေရှင်များရဲ့ခေါင်းဆောင်ကတော့ နိုင်ငံကျော် စာရေးဆရာမ ဒေါ်ငွေခက် ပါ၊၊ သူကလဲ ဆယ်မိနစ်တိတိ ချေပပါမယ်၊၊ ဒီနောက်တော့ အင်ဂျင်နီယာ ဦးသန်းထွန်းနဲ့ ဆရာဝန် ဦးဝင်းသိန်း တို့က ငါးမိနစ်စီ ဆက်လက် ချေပပါလိမ့်မယ်၊၊ အစီအစဉ်မှာတော့ ထုံးစံအတိုင်း အဆိုတလှည့် အချေတလှည့် ပြောဆိုသွားကြမှာ ဖြစ်ပါတယ်၊၊

            အမှတ်ပေး ဒိုင်လူကြီးများက အဆိုအချေ နှစ်ဘက်စလုံးရဲ့အမူအရာ လေယူလေသိမ်း အသုံးအနှုန်း အချက်အလက်တွေကို ကြည့်ရှု နားထောင်ပြီး အမှတ်ပေးကြပါလိမ့်မယ်၊၊

            အဆိုအချေနှစ်ဘက်ပုဂ္ဂိုလ်တွေ ပြောပြီးတဲ့အခါ လုပ်သားပြည်သူများထဲကလဲ ဒီစင်မြင့်ပေါ်ကို တက်ရောက် ပါဝင် ပြောဆိုနိုင်ကြပါတယ်၊၊ တယောက် ငါးမိနစ်ထက် မပိုဘဲ ခြောက်ယောက်အထိ ပါဝင် ပြောဆိုခွင့်ပြုပါမယ်၊၊ ကိုယ်သဘောကျ နှစ်သက်တဲ့ဘက်ကလိုက်ပြီး ပြောနိုင်ကြပါတယ်၊၊

            အခုအချိန်မှာဆိုရင် အမှတ်ပေးဒိုင်လူကြီးများကလဲ အဆင်သင့်ရောက်နေကြပါပြီ၊၊ ဒါကြောင့် အဆိုရှင်များရဲ့ခေါင်းဆောင် ဆရာဦးမြမောင်ကို အဆိုတင်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား၊၊